သြကာသ ဘုရားရှိခိုး
သြကာသ ဘုရားရှိခိုး သည် ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့
ဘုရား သို့မဟုတ် ဘုန်းတော်ကြီးများအား ဝတ်ပြုရာတွင် ပထမဆုံးသော ရွတ်ဆိုသော
မြန်မာဘာသာဖြင့် ဘုရားရှိခိုး ဂါဌာဖြစ်သည်။ သြကာသ ဘုရားရှိခိုး ရည်ရွယ်ချက်မှာ
မိမိအမှား များအား ဝန်ချတောင်းပန်ခြင်း နှင့် နိဗ္ဗာန်သို့ ရောက်ရန် ဆုတောင်းခြင်း
ဖြစ်သည်။ အခြားနိုင်ငံများတွင်လည်း အလားတူ ဂါဌာများရှိသည်။ သြကာသ ဘုရားရှိခိုး
ဂါဌာသည် မြန်မာနိုင်ငံ ဘုန်းကြီးကျောင်းတိုင်း အတူဖြစ်သော်လည်း အနည်းငယ်မျှ
ကွဲလွဲတပ်သည်။
သြကာသ
ဘုရားရှိခိုး ၁
သြကာသ၊ သြကာသ၊ သြကာသ၊
သြကာသ၊ သြကာသ၊ သြကာသ၊
ကာယကံ၊ ၀စီကံ၊ မနောကံ သဗ္ဗဒေါသ
ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊
နှစ်ကြိမ်၊ သုံးကြိမ်တိုင်အောင် ဘုရားရတနာ၊ တရားရတနာ ၊ သံဃာရတနာ
ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော်
ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။ ကန်တော့ရသောအကျိုးအားကြောင့်
အပါယ်(၄)ပါး၊ ကပ်(၃)ပါး၊ ရပ်ပြစ်(၈)ပါး၊ ရန်သူမျိုး(၅)ပါး၊ ၀ိပ္ပတိတရား(၄)ပါး၊
ဗျသနတရား(၅)ပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား၊ ဖိုလ်တရား
နိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။
မဟာစည်ဆရာတော်ကြီး၏
သြကာသ ကန်တော့ချိုး
သြကာသ သြကာသ သြကာသ
ကာယကံ ၀စီကံ မနေကံ တည်းဟူသော
အပြစ်ခပ်သိမ်း ပပြောက်ငြိမ်း၍ အသက်ရှည်စွာ အနာမဲ့ရေး ရန်ဘေးကင်းကြောင်း
ကောင်းမှုမင်္ဂလာ ဖြစ်ပါစေခြင်း အကျိုးငှါ ဘုရားရတနာ တရားရတနာ သံဃာရတနာ တည်းဟူသော
ရတနာမြတ်သုံးပါး ( မိဘ, ဆရားသမား ) တို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍
ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။
ကန်တော့ရသော ကောင်းမှုကံ
စေတနာတို့ကြောင့် အပါယ် ၄-ပါး, ကပ် ၃-ပါး, ရပ်ပြစ် ၈-ပါး, ရန်သူမျိုး ၅-ပါး,
ဝိပတ္တိတရား ၄-ပါး, ဗျသနတရား ၅-ပါး, အနာမျိုး ၉၆-ပါး, မိစ္ဆာဒိဋ္ဌိ ၆၂-ပါးတို့မှ
အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည် ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန် တရားတော်မြတ်ကို
လျင်မြန်စွာ ရပါလို၏ အရှင်ဘုရား။
မိုးကုတ်ဆရာတော်၏
သြကာသ ကန်တော့ချိုး
သြကာသ သြကာသ သြကာသ
ကာယကံ ၀စီကံ မနောကံ သဗ္ဗဒေါသ
ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှါ ပထမ ဒုတိယ တတိယ တကြိမ်
နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရားရတနာ သံဃာရတနာ ရတနာမြတ်သုံးပါးနှင့်
မိဘ ဆရာသမားတို့အား ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမျှော်မာန်လျှော့
ကန်တော့ပါ၏ အရှင်ဘုရား။
ကန်တော့ရသော ကောင်းမှုကံ
စေတနာတို့ကြောင့် တပည့်တော်တို့ အားထုတ်ဆဲဖြစ်သော ၀ိပဿနာ ဉာဏ်သည် လျင်မြန်စွာ
မဂ်ဉာဏ်သို့ ကျေးဇူးပြု၍ နိဗ္ဗာန်သို့ မျက်မှောက်ပြုရပါလို၏ အရှင်ဘုရား။
အများသုံး
သြကာသ ကန်တော့ချိုး
သြကာသ သြကာသ သြကာသ
ကာယကံ ၀စီကံ မနောကံ တည်းဟူသော
ကံသုံးပါးတို့တွင် တပါးပါးသော ကံဖြင့် ပြစ်မှားကျူးလွန်မိသည်ရှိသော်
ထိုအပြစ်တို့မှ ပျောက်ပါစေခြင်း အကျိုးငှါ ပထမ ဒုတိယ တတိယ တကြိမ် နှစ်ကြိမ်
သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရားရတနာ သံဃာရတနာ တည်းဟူသော
ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော်
ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။
ဤသို့ ရှိခိုးပူဇော်
ဖူးမြော်မာန်လျှော့ ကန်တော့ရသော အကျိုးအားကြောင့် အပါယ် ၄-ပါး, ကပ် ၃-ပါး, ရပ်ပြစ်
၈-ပါး, ရန်သူမျိုး ၅-ပါး, ၀ိပတ္တိတရား ၄-ပါး, ဗျသနတရား ၅-ပါး, အနာမျိုး ၉၆-ပါး, ဘေး
၂၅-ပါး, ကံကြမ္မာ ၃၂-ပါး, ဥပဒ္ဒဝေါ ၁၆-ပါး, ဒဏ် ၁၀-ပါး, အပြစ် ၈-ပါးတို့မှ
ဘ၀ဆက်တိုင်း ကင်းလွတ်ငြိမ်းသည်သာဖြစ်၍ အဆုံးစွန်သောဘ၀ နောက်ကာလ၌ မဂ်တရား ဖိုလ်တရား
နိဗ္ဗာန် တရားတော်မြတ်ကို လျင်မြန်စွာ မျက်မှောက်ပြုရပါလို၏ အရှင်ဘုရား။
(၁) ကုသိုလ်ကောင်းမှု
များစွာပြုခွင့်မရကြသော ငရဲကြီးများဖြစ်ကြသည့်
(က) အကုလိုလ်ကံ မကုန်သေးသမျှတစ်ခါတည်း
သေကြေပျောက်ပျက်မသွားဘဲ ထပ်ခါထပ်ခါ အသက်ရှင်လျှက် ငရဲထိန်းတို့၏ ခုတ်ဖြတ်မှုကိုသာ
ပြင်းစွာခံကြရရှာသော သိဉ္စိုးငရဲ ၊
(ခ) ငရဲသားတို့ကို ငရဲထိန်းတို့က
သားကောင်ကို ခွေးတွေ လိုက်သလို အတင်းလိုက်ကြပြီး မောဟိုက်သွားသည့်အခါ
သစ်တုံးကြီးကို သစ်ရွေသမားတို့က ခုတ်ရွေကြသကဲ့သို့ ကျကျနန မျဉ်းကြိုးချ၍
ပက်လက်တစ်မျိုး ၊ မှောက်လျက်တစ်မျိုး ၊ ၀ဲယာတစ်မျိုး ၊ ရှေ့နောက်တစ်မျိုး အားဖြင့်
အကုလိုလ်ကံ မကုန်သေးသ၍ လွတ်ခွင့်မရနိုင်ကြ ဘဲ အမျိုးမျိုးခုတ်ရွေခံကြရသည့်
ကာဠသုတ်ငရဲ ၊
(ဂ) အောက်မြေအပြင်မှာ မီးလျံတွေထလျှက်
အထု (၉) ယူဇနာရှိသော သံမြေပြင်ကြီးဖြစ်၌ ငရဲသားတို့ဟာ
ထန်းပင်ငုတ်လေးတွေစိုက်ထားသလို ခါးထိအောင်စိုက်ထားခြင်းခံရပြီး အရှေ့အရပ်မှ လာသော
သံတောင်ကြီးက စားမည်ဝါးမည်ဆိုနေသလို တဒိန်းဒိန်း တခြိမ်းခြိမ်းမြည်ဟီးလျက်
ကြိတ်ကာကြိတ်ကာ အနောက်အရပ်သို့ သွားပြီး ၊ နောက်တောင်အရပ်မှ သံတောင်ကြီးက
ထိုနည်းအတိုင်းပင် ကြိတ်ကာကြိတ်ကာမြောက်အရပ်သို့သွားပြီးလျှင် အနောက်အရပ်သို့
ရောက်ပြီးသော သံတောင်ကြီးကလည်း အရှေ့အရပ်သို့ ကြိတ်ကာကြိတ်ကာ ပြန်၍လာခြင်းဖြင့်
အရပ်လေးမျက်နှာမှသံတောင်တွေ သန်းဥတုတ်သလို ဖိနှိပ်ကြိတ်ချေသော်လည်း အကုသိုလ်ကံ
မကုန်သမျှငုတ်စုစု ပေါ်ထွက်လျက် ဆက်ကာဆက်ကာ အကြိတ်ခံရရှာသော သံဃာတငရဲ ၊
(ဃ) မီးတောက်တို့သည် တ၀ုန်းးဝုန့်း
ထလျက် ငရဲသို့ကျရောက်သူတို့၏ ဒွါရ (၉) ပေါက်မှ အတင်းဝင်ရောက်လောင်ကျွမ်းသဖြင့်
အလွန်အားငယ်စွာ တစာစာအော်ကြရရှာပြီး ပြင်းစွာငိုကြွေးခြင်းဖြင့် မီးတောကမီးလျှံ
အလောင်ခံနေကြရသေ ရောရုာဝငရဲ ၊
(င) မီးခိုးတို့တစ်ငရဲလုံးဖုံး
လွမ်းနေပြီး ငရဲသို့ကျရောက်သူတို့ကို မီးခိုးတို့ကအတွင်းအပြင် အတင်းဝင်၍
နှူးနှပ်ကြသောကြောင့် ငရဲသူ ငရဲသားတို့မှာ ဘာမှမတတ်နိုင်ကြတော့ပဲ သနားစဖွယ်
အားငယ်စွာ အော်နေကြရရှာသော မဟာရောရုဝငရဲ ၊
(စ) ငရဲသို့ကျရောက်သော သတ္တ၀ါများကို
ထန်းလုံးလောက်ကြီးမား၍ မီးလျှံထသော သံတံကျင်၌ မလှုပ်နိုင်အောင် စိုက်ထားပြီးလျှင်
ထိုသံတံမှ ထွက်သော မီးလျှံတို့က အမြဲပူလောင်စေတတ်သော တာပနငရဲ ၊
(ဆ) မီးလျှံထနေသော သံတောင်ကြီးနှင့်
ထိုသံတောင်၏အောက်ခြေ၌ သံတံကျင်တွေစိုက်ထူထားပြီး ငရဲသူငရဲသားတို့ကို ငရဲထိန်းတို့က
သံတောင်ပေါ်သို့ မတက်တက်အောင် ရိုက်နှက်၍ တင်ကြပြီး သံတောင်ပေါ်သို့ရောက်သောအခါ
ကံကြမ္မာအလျောက် လေမုန်တိုင်းပေါ်ပေါက်၍ ထိုလေမုန်တိုင်းက တောင်ခြေ၌ရှိသော
တံကျင်ပေါ်ရောက်အောင် တိုက်လွှင့်ချလိုက်သဖြင့် တံကျင်အဖျား၌ ကား ခနဲ
စူးဝင်ခြင်းခံကြရရှာသော မဟာတာပန ငရဲ ၊
(ဇ) မီးတောက်မီးလျှံများ အကြားမရှိပဲ
တစ်ငရဲလုံးမီးလျှံများဆက်နေပြီးငရဲသားချင်းလည်း ၀ါးကျည်တောက်အတွင်း
မုန်ညှင်းစေ့ကလေးတွေ ပြည့်ကျပ်နေသကဲ့သို့ အကြားမရှိပြည့်ကျပ်နေအောင် ဆင်းရဲဒုက္ခ
အကြားအရှိ ၊ ဒုက္ခမှ လွတ်ကင်း၍ ချမ်းသာခွင့် လုံးဝမရနိုင်ဘဲ မီးလျှံ ၊ သတ္တ၀ါ ၊
ဆင်းရဲခြင်း ဒုက္ခဤသုံးမျိုးတို့ဆက်စပ်နေသော အ၀ီစိငရဲတို့နှင့် ထို
ငရဲတစ်ထပ်တစ်ထပ်၌ ဘင်ပုပ်ငရဲ ၊ ပြာပူငရဲ ၊ လက်ပံတောငရဲ ၊ သန်လျက်ရွက်တောငရဲ
၊ဝေတ္တရဏီ“ သံရည်မြစ်ငရဲ ၊ ဟု တံတိုင်းခတ်သကဲသို့ ရံပတ်၍နေသော ငရဲအရပ်၌
ကျရောက်ရခြင်းလည်းကောင်း ၊
(၂) ဆင် ၊မြင်း ၊ ကျွဲ ၊ နွား ၊ ခွေး
၊ ကြက် ၊ ငှက် ငါးလိပ်စသော ကုန်းနေ ရေနေ အခြေလေးချောင်း ၊ အခြေနှစ်ချောင်း ၊
အခြေအများ သတ္တ၀ါတို့နှင့် မြွေ စသော အခြေမရှိသော သတ္တ၀ါများဖြစ်ကြသည့် တိရစ္ဆာန်
အဖြစ်ရောက်ရခြင်းလည်းကောင်း ၊
(၃) တစ္ဆေ ၊ မှင်စာ ၊ သရဲ သဘက်
အစိမ်းဖုတ်ကောင် ၊ကျတ်ကောင် စသည့် ပြိတ္တာ ဖြစ်ရခြင်းလည်းကောင်း ၊
(၄) ပြိတ္တာအကြီးစားများ ဖြစ်ကြပြီး
နေ့စံညခံ ၊ ညခံနေ့စံ စသည်ဖြင့်လည်း ခံနေကြရရှာသော အသူရကာယ် အရပ်၌ ကျရောက်ရခြင်းလည်းကောင်း
၊
(၁) သတ္တန္တရကပ် = လက်နက်ကြောင့်
သေကြေပျက်စီးရခြင်း (ဤသတ္တဝါတို့ကား များသောအားဖြင့် ငရဲဘုံသို့ရောက်ကြရ၏။)
(၂) ရောဂန္တရကပ် = အနာရောဂါကြောင့်
သေကြေပျက်စီးရခြင်း (ဤသတ္တဝါတို့ကားများသောအားဖြင့်နတ်ရွာသုဂတိသို့ ရောက်ကြရကုန်၏။)
(၃) ဒုဗ္ဘိက္ခန္တရကပ် =
အစာရေစာပြတ်လပ်မှုကြောင့် သေကြေပျက်စီးရခြင်း (ဤသတ္တဝါတို့ကား များသောအားဖြင့်
ပြိတ္တာဘုံသို့ရောက်ကြရ၏။)
မဂ်ဖိုလ်ရအောင်
တရားအားထုတ်ခွင့်မရခြင်းကြောင့် အပြစ်ဖြစ်သော အရပ်ဒေသများဖြစ်ကြသည့်
(၁၊၂၊၃) ဘုရားပွင့်နေဆဲအခါ ငရဲ ၊
တိရစ္ဆာန် ၊ပြိတ္တာ စသော အပါယ်အရပ် ( အသူတကယ်ကို ပြိတ္တာမျိုး၌ယူ ) ၊
(၄) ဘုရားရှင်ပွင့်ဆဲ
ဘုရားရှင်ကိုမဖူးတွေ့နိုင် ၊ တရားမနာနိုင်ကြရှာသော ခန္ဓာကိုယ်သာရှိ၍
စိတ်ဝိဉာဏ်မရှိသော အသညသတ်ဗြဟ္မာများနှင့် စိတ်ဝိဉာဏ်သာရှိပြီး ခန္ဓာကိုယ်မရှိသော
အရူပဗြဟ္မာများဖြစ်ကြသည့် ဒီဃာယုနတ်တို့အရပ် ၊
(၅) အစွန်အဖျား တောတောင်အကြား
လူရိုင်းများနေသည့် ပစ္စန္တရာဇ်အရပ် ၊
(၆) ဘုရားပွင့်ဆဲအခါ
မိစ္ဆာဒိဋ္ဌိရှိနေခြင်း ၊
(၇) ဘုရားပွင့်ဆဲအခါ
တရားနာလည်းလောက်သော ဉာဏ်မရှိသူ ၊
(၈) တတ်သိနားလည်လောက်သော
ဉာဏ်ရှိသော်ငြားလည်း ဘုရားမပွင့်သောအခါလူ ဖြစ်ရခြင်းလည်းကောင်း ၊
(၁) ရေ
(၂) မီး
(၃) မင်း
(၄) ခိုးသူ
(၅) မချစ်မနှစ်သက်သောသူ
ဝိပတ္တိတရားဆိုသည်မှာ
ဖောက်ပြန်ချို့ယွင်းခြင်း၊ ပျက်စီးခြင်းဟု အဓိပ္ပာယ်ရလေ၏။
(၁) ကာလ၀ိပတ္တိ = မင်းဆိုး၊
မင်းယုတ်အုပ်စိုးသောအခါ ကာလ
(၂) ဂတိဝိပတ္တိ = အပါယ်လေးပါးတို့၌ဖြစ်ရခြင်း
စသည့်မကောင်းသော ဂတိဖြစ်၍
(၃) ဥပဓိဝိပတ္တိ =
ရူပါအဆင်းအင်္ဂါချို့တဲ့ခြင်း
(၄) ပယောဂ၀ိပတ္တိ = အသိအလိမ္မာ ဉာဏ်ပညာ၊
သတိဝီရိယမရှိပဲ ပြုမူ ၊ပြောဆို ကြံစည်မူ စသည့်မကောင်းသော
အဖြစ်ဆိုးတို့နှင့်လည်းကောင်း ၊
(၁) ဉာတိဗျဿန = ဆွေမျိုးပျက်စီးခြင်း
(၂) ဘောဂဗျဿန = စည်းစိမ်ဥစ္စာ
ပျက်စီးခြင်း
(၃) ရောဂဗျဿန = အနာရောဂါဖြစ်ခြင်း
(၄) ဒိဋ္ဌိဗျဿန = မှားယွင်းသော
မိစ္ဆာအယူကိုယူခြင်း
(၅) သီလဗျဿန = သီလပျက်ခြင်း
စသောပျက်စီးခြင်းတို့နှင့် ကြုံတွေ့ရခြင်း ဟူသော အခါခပ်သိမ်းကင်းလွတ်ငြိမ်းသည်ဖြစ်၍
-ဤမကောင်းသော တရားတို့မှ အခါခပ်သိမ်းကင်းလွတ်ငြိမ်းသည်ဖြစ်၍ ၊ မဂ်တရား -
သောတာပတ္တိမဂ် ၊ သကဒါဂါမိမဂ် ၊ အနာဂါမိမဂ် ၊ အရဟတ္တမဂ် ၊ ဖိုလ်တရား - သောတာပတ္တိဖိုလ်
၊ သကဒါဂါမိဖိုလ် ၊ အနာဂါမိဖိုလ် ၊ အရဟတ္တဖိုလ် ၊ နိဗ္ဗာန် ချမ်းသာ - ခန္ဓာအသစ်
တစ်ဖန်မဖြစ်ရာ ၊သေခြင်းသဘောလည်း မရှိရာ ၊ ဒုက္ခအပေါင်းမှလည်း ကင်းဝေးရာ
အမြတ်ဆုံးချမ်းသာဖြစ်သည့် နိဗ္ဗာန် စသော ၊ တရားတော်မြတ်တို့ကို သံသရာ၌ ကြာရှည်စွာ
မကျင်လည်ရတော့ပဲ အမြန်ဆုံး ရရပါလို၏ အရှင်ဘုရား ။
မှတ်ချက်။ ။မြန်မာဝီကီပီဒီယာမှာကူးယူဖော်ပြပေးလိုက်ပါသည်။ ကျွန်တော်ကိုယ်တိုင်လည်းတိ
တိကျကျနားလည်လို၍ ရှာဖွေပြီးတင်ပေးလိုက်ခြင်းဖြစ်ပါသည်။